Powered By Blogger

Wednesday, July 10, 2013

အင်္ဂလိပ်စာ ဘယ်လိုဖတ်မလဲ? အပိုင်း-၎


(Detail Reading & SQ3R)
          ယခုတစ်ပတ်တွင် အင်္ဂလိပ်စာကို လက်တွေ့အသုံးပြုရန်အတွက် စာဖတ်နည်းပုံစံတစ်မျိုးဖြစ်သည့် Detail Reading နှင့် ၎င်းကိုထောက်ပံ့ပေးသော စာဖတ်နည်းစနစ်တစ်မျိုး ဖြစ်သည့် SQ3R အကြောင်းကို ဆက်လက် မျှဝေသွားပါမည်။ ဗဟုသုတ ရရှိရန် စာပေါင်းများစွာကို ဖတ်ရမည်ဖြစ်သော်လည်း အမှန်တကယ် အသုံးပြုရန် စာအုပ်တစ်အုပ်ကို ကျေညက်အောင်ဖတ်ရန် လိုအပ်ပါသည်။ စာကိုကျေညက်လိုပါလျှင် အသေးစိတ်ဖတ်ရန် လိုအပ်သည်။ စာဖတ်စဉ်တွင် မိမိဖတ်သော အကြောင်းအရာနှင့် အတူ တက်တက်ကြွကြွ စိတ်ပါဝင်စား နေရမည်။ စာအုပ်တွင် ဈန်ဝင်ရန် နှင့် နားလည်ရန် သတိထားပြီး ဂရုတစိုက်ဖတ်သင့်သည်။
          စတင် စာမဖတ်မီ ခေါင်းစဉ်ကို ဦးစွာဖတ်ပါ၊ စာအုပ်၏ခေါင်းစဉ်သည် စာတစ်အုပ်လုံးကို ခြုံငုံနားလည်စေရန် ဖော်ပြထားပါသည်။ အထူးသဖြင့် ဆောင်းပါးများ၊ လမ်းညွှန်ချက်စာပိုဒ်များတွင် ခေါင်းစဉ်က စာရေးသူပြောလိုသော အကြောင်းအရာများကို ထောက်ပံ့ပေးပါသည်။ စာဖတ်သူများသည် အကြောင်းအရာတစ်ခု ဖတ်ရှုပြီးလျှင် အကြောင်းအရာကို မှတ်မိသော်လည်း ခေါင်းစဉ်ကိုမူ မေ့လေ့ရှိတတ်ကြပါသည်၊ဖတ်ရှုသော အကြောင်းအရာ၏ ခေါင်းစဉ်ကို မှတ်သားပါ။ စာအုပ်အုပ်၊ စာတမ်းတစ်ခု၊ ဆောင်းပါးတစ်ခု စသည်ဖြင့် ဖတ်ပြီးလျှင် စာဖတ်ရေးသူ၏ အာဘော်ကို နားလည် သတိပြုမိပါစေ၊ တစ်ခါတစ်ရံ စာရေးသူပြောလိုသည်က တစ်မျိုး၊ စာဖတ်သူ နားလည်သည်က တစ်မျိုး ဖြစ်တတ်ပါသည်။ (ကျွန်တော် ကိုယ်တိုင်သည်ပင်လျှင် စာရေးနေသော်လည်း စာရေးဆရာဟု မဆိုနိုင်သောကြောင့် စာရေးရာတွင် ပြောလိုသော အကြောင်းအရာကို စာဖတ်သူ လွယ်လွယ်ကူကူ နားလည် သဘောပေါက်ရန် ကြိုးစားအားထုတ် ရပါသည်။) ဘဝတွင် စာပေမြောက်များစွာကို ဖတ်ရှုရန် လိုအပ်ပါသည်၊ သို့သော် ဖတ်သာဖတ်ပြီး မမှတ်မိလျှင် အသုံးပြုရန် မကြိုးစားလျှင် အချိန်သာ ကုန်သွားပြီး အကျိုးကျေးဇူးမရနိုင်ပါ။ ထို့ကြောင့် စာဖတ်ခြင်းကို စနစ်တကျ လေ့ကျင့်ရန်လိုအပ်ပါသည်။
          အသေးစိတ်စာဖတ်ရန်အတွက် အသုံးပြုနိုင်သည့် နည်းစနစ်တစ်မျိုးဖြစ်သော SQ3R တွင် Survey, Question, Read, Recall, Review ဟူသော ကဏ္ဍ(၄)ခု ပါဝင်သည်။
Survey(ဆန်းစစ်လေ့လာခြင်း) ။             ။ ဖတ်ရှုသော အကြောင်းအရာကို အသုံးပြုနိုင်ရန်အတွက် အာရုံစူးစိုက်ကာ တိကျသော ရည်ရွယ်ချက် ရှိရပါမည်။ ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ခေါင်းစဉ်ကို ဦးစွာဖတ်ပါ၊ စာရေးသူအာဘော်ကို နားလည်နိုင်ရန် စာအုပ်၏ နိဒါန်း၊ အကျဉ်းချုပ် တို့ကို သေသေချာချာ ဖတ်ပါ။ မြေပုံညွှန်းများ၊ သရုပ်ပြပုံများ၊ ဇယားကွက်များကို မှတ်သားပါ၊ စာဖတ်ရာတွင် စာလုံးအမည်း (Bold type)၊ စာလုံးစောင်း(Italic)၊ နှင့် စာအုပ်အဆုံးတွင် ပါဝင်သောမေးခွန်းများက စာအုပ်၏ အဓိက ဆိုလိုရင်းကို နားလည်ရန် အထောက်အကူ ပေးနိုင်ပါသည်။ Ladder Series စာအုပ်များတွင် မဖတ်မီ နှင့် ဖတ်ရှုပြီးလျှင် ဆောင်ရွတ်ရမည့် Activities နှင့် Questions များ ပါဝင်သည်။ ၎င်းအစီအစဉ်များအတိုင်း အဆင့်ဆင့် ဖတ်ရှုလေ့ကျင့်နိုင်ပါသည်။
Question(မေးခွန်းထုတ်ခြင်း) ။                 ။ စာဖတ်စဉ် စာအုပ်တွင် စိတ်အာရုံကို စူးစိုက်ထားပါ၊ စာအုပ်၏ အဓိကအချက်အလက်များကို ကိုယ်တိုင် မေးခွန်းများ ထုတ်ကြည့်ခြင်းက စာအုပ်ကို ပိုမို နားလည်နိုင်ရန် ကူညီပေးပါသည်။ မေးခွန်းများဖြေဆိုသင့်သည်ဟု ယူဆသည့် အခန်းများတွင် စာလုံးအမည်း(Bold type) များကို မေးခွန်းအဖြစ် မေးကြည့်ပါ။ စာအုပ်ကို ပိုမို သဘောပေါက်နားလည် စေပါလိမ့်မည်။
Read(ဖတ်ရှုခြင်း) ။           ။အခန်းစဉ်လိုက် အသေးစိတ် စနစ်တကျ သေသေ ချာချာ ဖတ်ရှုပါ၊ သိလိုသော အကြောင်းအရာများကို ကိုယ်တိုင် မေးခွန်းထုတ်ပြီး ဖြေဆိုပါ။ လိုအပ်သည်ဟု ယူဆသော အကြောင်းအရာများကိုလည်း မေးခွန်းများအဖြစ် မေးပြီး ဖြေဆိုကြည့်ပါ။ စာဖတ်စဉ်တွင် အရေးကြီးသော စကားစုများ၊ စာပိုဒ်များကို ကိုယ်တိုင် အသုံးပြုနိုင်ရန်အတွက် ရွေးချယ်မှတ်သားပါ၊ လိုအပ်လျှင် မှတ်သားလိုသော စကားလုံးများ၊ စကားစုများကို ရောင်စုံမင် ဖြင့်သားကာ မှတ်သင့်ပါသည်။
Recall(ပြန်လည်စဉ်းစားခြင်း) ။              ။ အခန်း(Chapter/ Unit) တစ်ခုပြီးတိုင်း ခဏရပ်ကာ ပြန်လည်စဉ်းစားပါ၊ ဖတ်ရှုပြီးသည့် အကြောင်းအရာကို မှတ်မိခြင်း ရှိ/မရှိကို ဆန်းစစ်ကြည့်ပါ၊ မမှတ်မိ ပါက ပြန်လည်ဖတ်ရှုသင့်ပါသည်။
Review(ပြန်လည်သုံးသပ်ခြင်း) ။             ။ အခန်းစဉ်တစ်ခုတိုင်းတွင် မေးခွန်းများ၊ ခေါင်းစဉ်များ၊ ခေါင်းစဉ်ခွဲများကို ပြန်လည်ဖတ်ရှုပြီး စာရေးသူ၏ အာဘော်ကို သုံးသပ်ပါ၊ ပြန်လည်မမှတ်လျှင် ထပ်မံ ဖတ်ရှုပါ။
          SQ3R အစီအစဉ်ဖြင့် ဖတ်ရှုနေစဉ်တွင် ဆောင်ရွက်ရမည့် အချက်အလက် အနည်းငယ် ဆက်လက်ပြောပြပါမည်။ စာဖတ်စဉ်တွင် ပုဒ်ဖြတ်၊ပုဒ်ရပ် အမှတ်အသား(punctuation marks)များကို လည်း သတိထားရမည်။ စာဖတ်ရာတွင် စာရေးသူ၏ နောက်ခံအကြောင်းကိုလည်း သတိထားသင့်သည်၊ ၎င်းက စာရေးသူသည် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အစရှိသည့် မည်သည့်နယ်ပယ်ကို အဓိက ရေးသားသည်ကို သိရှိနိုင်သည်။ စကားလုံး ဝေါဟာရများ တိုးပွားစေရန် အဘိဓာန်ကို အသုံးပြုပါ၊ စာရေးသူ အသုံးပြုထားသည့် စကားလုံးပုံစံအပြင် ထပ်မံအသုံးပြုနိုင်သော စကားလုံးပုံစံများကို လေ့လာပါ။ မည်သည့်ကိစ္စတွင်မဆို “စု-တု-ပြု” အစီအစဉ်အတိုင်းပင်ဖြစ်ပါသည်။ အကြိုက်ဆုံးစာအုပ်တစ်အုပ်ကို အကြိမ်ကြိမ် အထပ်ထပ် ကျေညက်အောင် ဖတ်ပါ၊ အမှန်တကယ်လက်တွေ့သုံးနိုင်ပါလိမ့်မည်။
          အင်္ဂလိပ်စာပေများကို စနစ်တကျဖတ်ရှုကာ ကိုယ်တိုင် အသုံးပြုရာတွင် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုနိုင်ပါစေကြောင်း ရည်ရွယ်၍ ရေးသားလိုက်ပါသည်။

0 comments:

Post a Comment