Powered By Blogger

Wednesday, July 10, 2013

နားထောင်ခြင်းစွမ်းရည်ကိုလေ့ကျင့်နည်း


       အင်္ဂလိပ်ဘာသာစကားလေ့လာသင်ယူသူတိုင်းအတွက် နားထောင်ခြင်းစွမ်းရည် (Listening Skill) သည်မရှိမဖြစ်အရေးကြီးပါသည်။ အင်္ဂလိပ်ဘာသာစကားလေ့လာသင်ယူလိုသူတိုင်းနားထောင်ခြင်း(Listening)ကိုပထမဆုံးကြုံတွေ့ ရမည်ဖြစ်ပြီး ၎င်းနောက်မှသာပြောခြင်း(Speaking)၊ ဖတ်ခြင်း(Reading)၊ ရေးခြင်း(Writing) တို့ကိုတစ်ဆင့်ပြီးတစ်ဆင့်ဆက်လက်လေ့ကျင့်သင်ယူရမည်။ ယခုတစ်ပတ်တွင် Listening Skill နှင့်ပတ်သက်သည့် ဗဟုသုတ (Knowledge)၊လေ့ကျင့်နည်း (How to practice)များကိုမျှဝေလိုပါသည်။
      နားထောင်ခြင်းစွမ်းရည်(Listening Skill) သည် လေ့ကျင့်ရာတွင် တိုးတက်မှုအတွက် အချိန်ယူရန်လိုအပ်သည်။ "အင်္ဂလိပ်ဘာသာစကားကိုချဉ်းကပ်ခြင်း (Approaching the English Language)"ဆောင်းပါးတွင်ဖော်ပြခဲ့သော"အသံထွက်(pronunciation)၊ဖိသံ(stress)၊ linking sound"စသည့် အသံ၏သဘောတရားများကို နားလည်ရန်လိုအပ်ပါသည်။ မတူညီသောလူမျိုးများသည် အသံထွက်တစ်ခုတည်းကိုပင် မတူညီသောလေယူလေသိမ်းများဖြင့် ပြောဆိုကြသောကြောင့် စကားလုံးများအဆင်သင့်ရှိသော်လည်း အကြောင်းအရာတစ်ခုကို နားထောင်သောအခါ (သို့မဟုတ်) ရုပ်ရှင်ဇာတ်လမ်းများကြည့်ရှုသောအခါ ချက်ချင်းနားလည်ရန် မလွယ်ကူပါ။ ထို့ကြောင့် အင်္ဂလိပ်ဘာသာစကားကို လေ့လာသင်ယူလေ့ကျင့်လိုသူများအတွက် အင်္ဂလိပ်လိုပြောသောပတ်ဝန်းကျင် လိုအပ်ပါသည်။ သို့သော် မြန်မာကျောင်းသား၊ ကျောင်းသူလေ့လာသင်ယူသူများအတွက် ၎င်းပတ်ဝန်းကျင်ကို အမြဲတမ်းရရှိရန်မလွယ်ကူသောကြောင့်Tape, CD, DVD, Movie, Radio, MP3 စသည်များဖြင့်လေ့ကျင့်ကာအင်္ဂလိပ်ဘာသာဖြင့်ထုံမွှမ်းထားသောပတ်ဝန်းကျင်ကိုကိုယ်တိုင် ဖန်တီးလေ့ကျင့်သင့်သည်။
          နားထောင်ခြင်း (Listening) ဆိုသည်မှာ -
နားတွင်ကြားရသောအကြောင်းအရာတစ်ခုကိုအာရုံစူးစိုက်ကာအဓိပ္ပာယ်များနားလည်ရန်ကြိုးစားခြင်းကိုနားထောင်ခြင်း(Listening) ဟုခေါ်နိုင်သည်။ နားထောင်ခြင်း(Listening)သည် ကြားခြင်း(Hearing) သက်သက်မဟုတ်ပါ၊ ကြားခြင်း(Hearing) ဆိုသည် အသံ(suound)ကိုလက်ခံပေးသော ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်(physical process) တစ်ခုသာဖြစ်သည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရာတွင် တဖက်သား၏စကားကို ကြားနေသော်လည်းနားမလည်လျှင်၊ ကိုယ်ကပြောနေသည်ကိုတဖက်သားကကြားနေသော်လည်းနားမလည်လျှင် ပြောဆိုဆက်ဆံမှု (communication)သည် အဓိပ္ပာယ်ရှိမည်မဟုတ်ပါ။နားထောင်ခြင်း(Listening)သည် နားတွင်ကြားရသောအကြောင်းအရာတစ်ခုကိုနားလည်ရန်၊ တုံ့ပြန်အသုံးပြုရန် ကြိုးစားခြင်းဟုဆိုနိုင်ပါသည်။  
1.   Listening to follow directions or instructions
အကြောင်းအရာတစ်ရပ်ရပ်ကိုလိုက်နာရန် ညွှန်ကြားချက်၊ လမ်းညွှန်ချက်များကိုနားထောင်ခြင်း
2.   Listening for information
သတင်းအချက်အလက်တစ်ခုခုရရှိရန် မိုးလေဝသခန့်မှန်းချက်၊ ကြေငြာချက် စသည်တို့ကိုနားထောင်ခြင်း
3.   Listening for enjoyment
ရုပ်မြင်သံကြား၊ တီဗွီ၊ဗွီဒီယို၊ရေဒီယိုများ မှ သီချင်း၊ပြဇာတ်၊ဇာတ်လမ်းတို၊သီချင်းစသည်တို့ကိုနားထောင်ခြင်း
4.   Listening to discriminate speech sounds
ပြောစကားများကိုခွဲခြမ်းစိတ်ဖြာကာအတုယူလေ့ကျင့်ရန် နားထောင်ခြင်း
5.   Listening to communicate
အပြန်အလှန် ပြောဆိုဆက်သွယ်ရန် နားထောင်ခြင်း
စသည်ဖြင့် လေ့လာသင်ယူမှု အခြေအနေအမျိုးမျိုးကြောင့် နားထောင်သောရည်ရွယ်ချက်များ (purpose of listening) အမျိုးမျိုးကွဲပြားခြားနားပါလိမ့်မည်။
နားထောင်ရန် အကြောင်းအရာရွေးချယ်သောအခါ နားထောင်သူ၏အဆင့်(level)နှင့် ကိုက်ညီရမည်ဖြစ်ပြီးလိုအပ်သောရည်ရွယ်ချက်နှင့်လည်းကိုက်ညီရမည်၊ရွေးချယ်ထားသောအကြောင်းအရာများသည် ဆက်လက် နားထောင်လိုစိတ်ဖြစ်ပေါ်စေသော အကြောင်းအရာများဖြစ်ရန်လည်းအရေးကြီးသည်၊ ဆိုလိုသည်မှာအကြောင်းအရာတစ်ခုကိုနားထောင်ပြီးအကြောင်းအမျိုးမျိုးကြောင့် ဆက်လက်နားထောင်လိုစိတ်မရှိတော့သောအကြောင်းအရာများကိုမရွေးသင့်ပါ။ အကြောင်းအရာတစ်ခုသည် နားထောင်သူ၏အဆင့်(level)နှင့် အကြောင်းအရာကိုက်ညီမှသာလျှင်(ထပ်ခါထပ်ခါ နားထောင်ချင် မှသာလျှင်) အကြိမ်ကြိမ်အထပ်ထပ် နားထောင်လေ့ကျင့်ပြီးတစ်နေ့ထက် တစ်နေ့တိုးတက်လာပါလိမ့်မည်။
မိုးလေဝသသတင်း(Weather Reports) ၊ ကြေငြာချက်များ(Announcements)၊အပြန်အလှန်ပြောစကားများ(Dialogues)၊ စီးပွားရေးလုပ်ငန်းကြော်ငြာများ(Commercial Advertisements)၊ ဇာတ်လမ်းတိုများ(Stories) စသည်ဖြင့် အကြောင်းအရာအမျိုးမျိုးကိုရွေးချယ်နိုင်သည်။
-       ပထမဦးစွာမိမိနှင့်ကိုက်ညီမည့် အကြောင်းအရာကိုရွေးချယ်ပါ၊ စတင်လေ့လာသူ(Beginner)များအတွက် ၂ - ၃ မိနစ်ခန့်သာကြာမြင့်သောအကြောင်းအရာများကိုရွေးချယ်သင့်ပြီးအတော်အတန်လေ့လာထားသူ(Intermediate) များအတွက် ၃ - ၅ ခန့်ကြာမြင့်သောအကြောင်းအရာများကိုရွေးချယ်ပါ။ ရွေးချယ်ထားသောအကြောင်းအရာများသည် စာသားအဆင်သင့်ပါရှိရန်လိုအပ်သည်၊ သို့မှသာနားလည်မှု(understanding) အတိုင်းအတာကိုပြန်လည်စစ်ဆေးနိုင်မည်။
-       စတင်လေ့ကျင့်သောအခါစာသားကိုမကြည့်ပဲအကြောင်းအရာတစ်ခုလုံးအစအဆုံးတစ်ကြိမ် ဂရုစိုက် နားထောင်ပါ၊ နားထောင်စဉ်တွင် ဘာသာပြန်ရန်မကြိုးစားပဲနားလည်ရန်သာကြိုးစားပါ၊ ၎င်းအတိုင်း (၃) ကြိမ်ခန့်ဆက်တိုက်နားထောင်ပါ။
-       အကြမ်းအားဖြင့်နားလည်သောအခါ စကားစုတစ်ခုတိုင်းတွင် ခဏရပ်ပြီးလိုက်ဆိုပါ၊ လိုက်ဆိုသည့် စကားလုံး(သို့မဟုတ်) စကားစုကိုဘာသာမပြန်ပါနှင့်၊ နားကကြားသည့်အတိုင်းသာအတတ်နိုင်ဆုံးပီသအောင်ကြိုးစားပါ။
-       စကားလုံးတစ်လုံး၊ စကားစုတစ်ခုကိုအတိုင်းအတာတစ်ခုအထိနားလည်လျှင် ဝါကျတစ်ကြောင်းစီကိုအထက်ပါနည်းအတိုင်းလိုက်ဆိုလေ့ကျင့်ပြီးဝါကျတစ်ကြောင်းစီကိုမှတ်မိသမျှချရေးကြည့်ပါ။ ၃ - ၅ ကြိမ်ခန့်လေ့ကျင့်လျှင် လေ့ကျင့်နေသောအကြောင်းအရာ၏ စာကြမ်းတစ်ခုရလာမည်။
-       အကြောင်းအရာတစ်ခုလုံးကိုရရှိလာသောစာကြမ်းဖြင့် အစအဆုံးထပ်နားထောင်ပြီးလိုအပ်သည်များကိုထပ်မံဖြည့်စွက်ပါ။
-       မူရင်းစာသားဖြင့် ရရှိထားသောစာကြမ်းကိုတိုက်ပြီးစစ်ဆေးကြည့်ပါ။ နားလည်မှု(understanding) အတိုင်းအတာကိုတွေ့ရလိမ့်မည်။ အချို့သောစကားလုံးများသည် နားကကြားသည်နှင့် အမှန်တကယ်ပါရှိသည်မှာကွဲလွဲနိုင်သည်၊ အချို့သောစကားလုံးများမှာမူရင်းစာသားကိုဖတ်ကြည့်သောအခါ သိသော်လည်းအထက်တွင်ဖော်ပြခဲ့သောအသံ၏သဘောတရားတွင် အားနည်းချက်များရှိသောကြောင့် နားထောင်စဉ် နားလည်ရန်အခက်အခဲရှိသည်ကိုတွေ့ရမည်။ စကားလုံးအသစ်များကိုအဘိဓာန်တွင်ရှာဖွေကြည့်ရှုပါ။
-       ဆက်လက်ပြီးမူရင်းစာသားဖြင့် တစ်ကြိမ်ထပ်မံနားထောင်ပါ၊ နားထောင်နေစဉ် အသံထွက်များကိုအနီးစပ်ဆုံးတူညီရန် ကြိုးစားလိုက်ဆိုပြီး (၃) ကြိမ်ထက်မနည်းလေ့ကျင့်ပါ။
-       နောက်ဆုံးအဆင့် အနေဖြင့် ပထမဆုံးလေ့ကျင့်စဉ်ကအတိုင်းစာသားကိုမကြည့်ပဲအစအဆုံးနားထောင်ပါ၊ စတင်စဉ်အချိန်ထက် ပိုမိုနားလည်လာသည်ကိုတွေ့ရလိမ့်မည်။ လေ့ကျင့်စဉ် အထူးအရေးကြီးသည်မှာလုံးဝဘာသာမပြန်ပါနှင့်၊ အသံ၏သဘောတရားကိုဂရုစိုက်ကာနားလည်ရန်သာကြိုးစားပါ။
-       အောင်မြင်စွာလေ့ကျင့်ပြီးဆုံးသောအခါ ပစ်မထားပဲမှတ်မိနေစေရန် တစ်ပတ်ခန့်အကြာတွင် ပြန်လည်နားထောင်ပါ၊ ရရှိလာသောနားလည်မှု(understanding) မှ စကားလုံး(word)၊ဝေါဟာရ(vocabulary)၊ ဝါကျ(sentence) များကိုယ်တိုင်တည်ဆောက်ပြီးပတ်ဝန်းကျင်တွင် အလျှင်းသင့်သလိုအသုံးပြုပါ။
အထက်ဖော်ပြပါနည်းများအတိုင်းတစ်နေ့အကြောင်းအရာတစ်ခုနှုန်းဖြင့် နေ့စဉ် ဆက်လက်လေ့ကျင့်ပါ၊ အောင်မြင်မှုတစ်ခုကိုနေ့ချင်းညချင်းမရနိုင်သလို ကျွမ်းကျင်မှု (skill) ကိုလည်းတစ်ရက်တည်း၊ တစ်နေ့တည်းမရနိုင်သောကြောင့်အဖန်တလဲလဲလေ့ကျင့်ရန်လိုအပ်သည်။ မည်သည့်ကိစ္စတွင်မဆို " သိ-ရှိ-နားလည်-လက်ခံ-လိုက်နာ-ကျင့်သုံး "  ဟူသည့်အစီအစဉ်ကိုသတိထားပါ။
ကိစ္စတစ်ခုခုကိုသိလည်းသိပါသည်၊ ၎င်းနှင့်ပတ်သက်သောဗဟုသုတလည်းရှိပါသည်၊ နားလည်းနားလည်ပါသည်၊ လက်လည်းလက်ခံပါသည်၊ အရေးကြီးသည်မှာ လိုက်နာ-ကျင့်သုံး ရန်သာဖြစ်ပါသည်။ ဤအကြောင်းအရာကိုဖတ်ရှုပြီးရလိုက်သည်မှာအသိ(Knowledge)သာဖြစ်ပြီးအမှန်တကယ် ကျွမ်းကျင်တတ်မြောက်မှု(Skill)ရရှိရန် အကြိမ်ကြိမ်လေ့ကျင့်မှု(practice) အထူးလိုအပ်ပါသည်။ သီအိုရီကိုသိရှိယုံမျှဖြင့် မလုံလောက်ပါ၊ ဥပမာ- ရေကူးနည်းကိုသိသော်လည်းရေကူးရန်မဖြစ်နိုင်သောကြောင့် ရေထဲဆင်းပြီးအမှန်တကယ် လေ့ကျင့်မှာသာလျှင် ရေးကူးတတ်မည်ဖြစ်သည်။
သို့ဖြစ်ပါ၍ " practice makes perfect " ဟူသောစကားအတိုင်း လေ့ကျင့်ကျွမ်းကျင်အောင်ပွဲဆင် နိုင်ကြပါစေကြောင်း ရည်ရွယ် ရေးသားလိုက်ပါသည်။
Ref: SPOKEN – CONVERSATIONAL ENGLISH; A Resource Book for Teachers of English
         
Education Digest Journal အတွဲ-(၁)၊အမှတ်-(၃၈)

0 comments:

Post a Comment