Powered By Blogger

Wednesday, July 10, 2013

အင်္ဂလိပ်စာ ဘယ်လိုဖတ်မလဲ? အပိုင်း-၃


(Scanning)
          ယခင်တစ်ပတ် "အင်္ဂလိပ်စာ ဘယ်လိုဖတ်မလဲ အပိုင်း(၂)" တွင် ဖော်ပြခဲ့သည့် Skimming နည်းစနစ်ကဲ့သို့ပင် စာဖတ်ရာတွင် အသုံးဝင်သည့် နည်းစနစ်တစ်မျိုးဖြစ်သည့် Scanning အကြောင်းကို ဆက်လက် ပြောပြသွားပါမည်။ Scanning ဆိုသည်မှာ စာအုပ်တစ်အုပ်၊ စာပုဒ်တစ်ပုဒ်၊ စာပိုဒ်တစ်ပိုဒ် မှ သိလိုသော တိကျသော အကြောင်းအရာတစ်ခုကိုသာ အမြန်ဖတ်ရှုသော စာဖတ်နည်းစနစ် တစ်ခုဖြစ်သည်။ ဥပမာအားဖြင့် တယ်လီဖုံးလမ်းညွှန်တွင် ဖုံးနံပါတ်တစ်ခုခု ရှာဖွေခြင်း၊ သတင်းစာများတွင် သိလိုသော သတင်း၊ ကြော်ငြာတစ်ခုခု ရှာဖွေခြင်း၊ (သို့မဟုတ်) အင်တာနက်စာမျက်နှာတွင် သိလိုသော အချက်အလက်များ ရှာဖွေခြင်း၊ တီဗွီအစဉ်တွင် သိလိုသော အစီအစဉ်များ ရှာဖွေခြင်း စသည့် အခြေအနေများတွင် Scanning ကိုအသုံးပြုနိုင်သည်။ ထို့အပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှသည် တက္ကသိုလ်အရည်အချင်းစစ် စာမေးပွဲများ၊ ရာထူးဝင်ခွင့်စာမေးပွဲများ၊ IELTS, TOEFL စာမေးပွဲများအထိ အင်္ဂလိပ်စာ မေးခွန်းတိုင်းတွင် အမြဲပါဝင်လေ့ရှိသည့် Reading Comprehension ဖြေဆိုရာတွင်လည်း အသုံးဝင်သော နည်းစနစ်တစ်ခု ဖြစ်ပါသည်။
          ယခင်တစ်ပတ်တွင် တင်ပြခဲ့သော Skimming နည်းစနစ်နှင့် ယခုဆက်လက်တင်ပြသော Scanning နှစ်မျိုးလုံးသည် အမြန်ဖတ်သောနည်းစနစ်များဖြစ်သော်လည်း ပုံစံကွဲပြားပါသည်။ Skimming သည် အကြောင်းအရာတစ်ခုလုံးကို ခြုံငုံနားလည်ရန် အသုံးပြုသော နည်းစနစ်ဖြစ်ပြီး၊ Scanning သည် သိလိုသော၊ သိချင်သော၊ လိုအပ်သော၊ လိုချင်သော အဓိကအချက်အလက်များကိုသာ ရရှိရန် အသုံးပြုသော နည်းစနစ်တစ်ခု ဖြစ်ပါသည်။ တယ်လီဖုံးလမ်းညွှန်စာအုပ်တွင် ဖုံးနံပါတ် တစ်ခုခု ရှာဖွေမည်ဆိုပါစို့၊ စာအုပ်၏ဖွဲ့စည်းပုံကို နားလည်အောင် ဦးစွာကြည့်ပြီး စကားလုံး အက္ခရာစဉ် ဖွဲ့စည်းပုံအလိုက်ရှာဖွေပါ၊ ဥပမာ- UMyaKyaing English Language School ၏ ဖုံးနံပါတ်ကို ရှာဖွေလိုလျှင် မာတိကာတွင် Language School/ English/ ကဏ္ဍတွင် စာမျက်နှာကို မှတ်ပြီး၊ သက်ဆိုင်ရာ စာမျက်နှာတွင် ပထမစကားလုံး U နှင့်သက်ဆိုင်သောနေရာတွင် လိုက်ကြည့်ပါ၊ U Mya Kyaing တွေ့လျှင် မိမိလိုချင်သည့် ဖုံးနံပါတ် ရပါမည်။ တစ်ခါတစ်ရံ စာအုပ်၏ဖွဲ့စည်းပုံအရ Mya Kyaing U ဟုလည်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် စာအုပ်ဖွဲစည်းပုံကို ဦးစွာသိရှိအောင် ကြည့်ရပါမည်။ တက္ကသိုလ် တက်ရောက်မည့် ကျောင်းသားတစ်ယောက်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပြောင်းလဲကျင့်သုံးမည့် နည်းပညာဆိုင်ရာ ပညာရေးစနစ်သစ်များတွင် အင်ဂျင်နီယာပညာသင်နှစ် ကို သိချင်သည်ဆိုပါလျှင် ၎င်းသတင်းပါရှိသည့်သတင်းစာ၊ စာစောင်တွင် သတင်းခေါင်းစဉ်ကို လိုက်ရှာမည်၊ ခေါင်းစဉ်တွေ့ပါက ပြောင်းလဲမည့် နည်းစနစ်များတွင် အင်ဂျင်နီယာပညာသင်နှစ် နှင့်ပတ်သက်သော AGTI ဒီပလိုမာသင်တန်း အတွက် ၃ နှစ်၊ အရည်အချင်းပြည့်မီပါက Engineer Orientation Course အတွက် ၁ နှစ်၊ ယင်းသင်တန်းအောင်မြင်ပါက B.E သင်တန်း ၃ နှစ် ဆက်လက်တက်ရောက်သင်ကြားရမည်၊ စသည့် သိလိုသော အချက်အလက်ကိုသာ ဦးတည်ရှာဖွေဖတ်ရှုခြင်းသည်လည်း Scanning ပင်ဖြစ်ပါသည်။
မိမိသိလိုသည်မှာ အင်ဂျင်နီယာပညာသင်နှစ်သာ ဖြစ်သည့်အတွက် ကွန်ပျူတာတက္ကသိုလ်နှင့် ပတ်သက်သည့် အကြောင်းအရာကို ချန်လှပ်ထားခဲ့နိုင်ပါသည်။
          Reading Comprehension ဖြေဆိုရာတွင် မည်သို့ Scan လုပ်ရမည်ကို ဆက်လက်ပြောပြပါမည်။ စာမေးပွဲသည် အချိန်အတိုင်းအတာ အကန့်အသတ်ဖြင့် ဖြေဆိုရသောကြောင့် စာပိုဒ်တစ်ခုလုံးကို သေသေချာချာ အသေးစိတ်ဖတ်ရန် အချိန်မရနိုင်ပါ၊ သို့ပါ၍ စာပိုဒ်ကို Scan လုပ်ရန်လိုအပ်သည်။ စတင်မဖြေဆိုမီ ပေးထားသော မေးခွန်းများကို သေသေချာချာ ဦးစွာဖတ်ပါ။ (အများစုသော ကျောင်းသား၊ ကျောင်းသူများသည် စာပိုဒ်ကို အရင်ဖတ်လေ့ရှိကြသည်၊ မိမိတွင် ၎င်းအလေ့အကျင့်ရှိပါက သတိထားပြီး ပြုပြင်သင့်ပါသည်။) မေးခွန်းများဖတ်ပြီးလျှင် ၎င်းမေးခွန်းများတွင် ပါဝင်သည့် အဓိကအချက်အလက်ကို တွေ့အောင်ဖတ်ပါ၊ မေးခွန်းတစ်ခုကိုဖတ်ပြီး တစ်ကြိမ်တည်းမှာ အဖြေကိုရှာပါ။ (ဆိုလိုသည်မှာ မေးခွန်းတစ်ခုဖတ်ပြီး အဖြေတစ်ခါရှာပါ) မေးခွန်းတွင်ပါဝင်သော အဓိကစကားလုံး(သို့) အချက်အလက်ကို စာပိုဒ်တွင်လိုက်ရှာပါ၊ ရှာဖွေရာတွင် မျက်လုံးကို စာကြောင်း၏အလယ်တွင်ထားပြီး ဘယ်၊ညာ ရွေ့ကာရှာပါ၊ မျက်လုံးမရွေ့တတ်လျှင် ဘောပင်၊ခဲတံ(သို့မဟုတ်) လက်ညှိုးထောက်ကာ ရှာနိုင်ပါသည်။ ၎င်းကိုတွေ့လျှင် တဆက်တည်းဆက်စပ်နေသော(သို့) ဆက်စပ်သည်ဟုယူဆရသော စာကြောင်းကိုပါ တပြိုင်တည်း ဂရုတစိုက် သေသေချာချာ ဖတ်ပါ၊ မေးခွန်း၏ အဖြေဟုတ်/မဟုတ် ဆုံးဖြတ်နိုင်ရန် မေးခွန်းကို တစ်ကြိမ်ပြန်ဖတ်ပါ။ စာပိုဒ်တစ်ပိုဒ်လုံး နားလည်အောင် ဖတ်ခြင်း မဟုတ်သည့်အတွက် မလိုအပ်သည့် အကြောင်းအရာ(မေးခွန်းတွင်မပါဝင်သည့်အကြောင်းအရာ) များကို ချန်လှပ်ထားခဲ့ပါ။ မေးခွန်းတစ်ခုပြီးလျှင် နောက်ထပ်မေးခွန်းတစ်ခုကို ရှာဖွေရာတွင် ပထမမေးခွန်း အပြီး နောက်ထပ်စာကြောင်းများတွင်သာ အပေါ်မှအောက်သို့ မျက်လုံးကိုရွေ့လျားရှာဖွေပါ။    
Read the passage and answer the questions that follow.
            When we look closely at the life stories of many popular heroes, we find that they are not always very good or very likeable people. They have become heroes because of their actions, not because of their characters. As the song says, a hero has got to be 'larger than life'; perhaps a better description is that he or she has got to be 'larger than death'. People may be famous while they alive, but after they are dead, stories are told and songs are written which make them into heroes.
            Villains, like heroes, are the subjects of stories and songs which often have little to do with historical facts. Just as heroes are always stronger, braver and more heroic than they are in real life, villains are always crueller, more wicked and more villainous. But we like our villains to be black-hearted and that is the way we remember them.
            It seems that we need heroes and villains and if history does not give them to us, then we have to invent them.
Answer the following questions in complete sentences.
1.     What do you find about man many popular heroes?
2.     Why have people become heroes?
3.     What is a better description of a hero?
4.     What do we want our villains to be?
5.     What do we have to do if there are no villains in history?
နံပါတ်(၁) မေးခွန်းတွင် အဓိကစကားလုံးမှာ many poplar heroes ဖြစ်ပြီး မေးထားသော အကြောင်းအရာမှာ find က အဓိက ဖြစ်သည့်အတွက် စာပိုဒ်တွင် many popular heroes ကို လိုက်ရှာရမည် ဖြစ်သည်။ many popular heroes ကို တွေ့သောအခါ ၎င်း၏ ဘေးဘယ်ညာကို ဆက်ဖတ်လျှင် မေးခွန်းနှင့်ဆက်စပ်သော အဖြေကို ရနိုင်ပါသည်။
နံပါတ်(၂) မေးခွန်းတွင် အဓိကစကားလုံးမှာ heroes ဖြစ်ပြီး မေးခွန်း၏အဓိကဆိုလိုရင်းမှာ become ဖြစ်သောကြောင့် စာပိုဒ်တွင် heroes ကို လိုက်ရှာသောအခါ heroes ၏ဘေးတွင် become ကိုပါ ဆက်တွေ့ရသဖြင့် အဖြေဟု ဆုံးဖြတ်နိုင်ပါသည်။ ကျန်သော မေးခွန်များသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပါသည်။ စာပိုဒ်တွင်  ရှာဖွေ ဖတ်ရှုရာ၌ အပေါ်မှအောက်သို့သာ ဆက်ဖတ်ပါ၊ ဖြေဆိုပြီးသော မေးခွန်း၏ အောက်တွင်သာ ကျန်မေးခွန်းများ ဆက်လက်ပါရှိသည်။ တစ်ခါတစ်ရံ မေးခွန်းတွင် Tense (ကာလ)၊ Word form (စကားလုံး ပုံစံ)၊ Pronoun(နာမ်စား) စသည့် parts of speechများ ပြောင်းလဲ မေးတတ်သည်ကိုလည်း သတိထားရမည်။ ပြောင်းလဲမေးထားသည်များကိုသာ မေးခွန်းနှင့် လိုက်လျော ညီထွေ ဖြစ်အောင် ဖြေဆို ရမည်ဖြစ်သည်။
          အချုပ်အားဖြင့် ဆိုရလျှင် Scanning သည် စာဖတ်ခြင်းထက် လိုအပ်သော အကြောင်းအရာ အချက်အလက်ကို ရှာဖွေခြင်းဟုပင် ဆိုနိုင်ပါသည်။ စာမေးပွဲဖြေဆိုရာတွင် ပေးထားသော စာပိုဒ်များသည် ဖြေဆိုသူ နှင့် မရင်းနှီးသော အကြောင်းအရာများဖြစ်နိုင်သောကြောင့် နားလည်သဘောပေါက်ရန် အသေးစိတ်ဖတ်နေလျှင် အချိန်ကုန်သွားနိုင်ပါသည်။ ထို့ကြောင့် အကြောင်းအရာကို နားလည်ရန်ထက် မေးခွန်း၏အဖြေ(ဆိုလိုရင်း)ကို ရရှိရန်သာ အရေးကြီးသည့်အတွက် လိုအပ်သော အဖြေကို အချိန်တို အတွင်း ရရှိနိုင်ရန် Scanning သည် အလွန်အသုံးဝင်သော နည်းစနစ်တစ်ခု ဖြစ်ပါသည်။ အင်္ဂလိပ် ဘာသာစကား လေ့လာသင်ယူနေသူတိုင်း၊ ကျောင်းသား/ကျောင်းသူတိုင်း စာမေးပွဲဖြေဆိုရာတွင် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်လျှက် ရေးသားလိုက်ပါသည်။

0 comments:

Post a Comment