Powered By Blogger

Wednesday, July 10, 2013

အင်္ဂလိပ်ဘာသာစကားကို လေ့လာရာတွင် Reading skill သည် အရးကြီးသော ကဏ္ဍတစ်ခု ဖြစ်သည်

အင်္ဂလိပ်ဘာသာစကားကို လေ့လာရာတွင် Reading skill သည် အရးကြီးသော ကဏ္ဍတစ်ခု ဖြစ်သည်။ မိခင်ဘာသာစကား (Native Language) တွင်ပင်လျှင် စာဖတ်ခြင်းဖြင့် ပျော်ရွင်ခြင်း၊ အသိပညာဗဟုသုတ ရရှိနိုင်ခြင်း၊ ဘဝကိုမြှင့်တင်ပေးနိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ လူမှုဆက်ဆံရေး တိုးတက်လာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သောကြောင့် လူတိုင်း စာဖတ်ရန် အရေးကြီးပါသည်။ စာဖတ်ရာတွင် အင်္ဂလိပ်စာဖြစ်စေ၊ မြန်မာစာဖြစ်စေ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ဖတ်ကြသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့် ဖတ်သည်ဖြစ်စေ စာဖတ်ရာတွင် အဆင်ပြေစေမည့် နည်းလမ်းများကို မျှဝေလိုပါသည်။ စာဖတ်ခြင်းသည် စကားလုံးများ အပါအဝင် အသိပညာဗဟုသုတများကို နားလည် ရရှိရန်သာမက ကိုယ်တိုင် ပြန်လည်အသုံးပြု နိုင်ပါသည်။ ထို့ကြောင့် ဘာသာစကား လေ့လာသင်ယူသူများ အတွက် Reading သည် အဓိက ထောင်ပံ့ ပေးထားသော Skill တစ်ခုလည်း ဖြစ်ပါသည်။ စာများများ ဖတ်ထားသော ဘာသာစကား လေ့လာသင်ယူသူ တစ်ယောက်သည် စကားလုံး(word)များ အဆင်သင့် ရှိနေပြီး Listening, Speaking, Writing စသည့် Skill များအားလုံး တိုးတက်မှု မြန်ဆန်စေရန် ကူညီနိုင်ပါသည်။ ဘာသာစကားကို လေ့လာသင်ယူသူများအတွက် စာဖတ်ခြင်းသည် အခြားသော Skill များထက် ပိုမို ထိတွေ့ရန် လွယ်ကူပြီး သဘောပေါက် နားလည်လွယ် နိုင်ပါသည်။ ဘာသာစကား လေ့လာသင်ယူသူများအတွက် အောက်ဖော်ပြပါ အချက်များအရ စာဖတ်ခြင်းသည် လေ့လာရန် ပိုမိုအဆင်ပြေယုံသာမက အကျိုးကျေးဇူး များစေပါသည်။
-       စာဖတ်ရာတွင် စကားလုံးများ၊ စကားစုများကို အကြိမ်ကြိမ် အထပ်ထပ် ရွတ်ဆို လေ့ကျင့်ခြင်းဖြင့် စကားလုံးများသာမက သဒ္ဒါပုံစံများကိုပါ သတိရမှတ်မိ စေနိုင်သည်
-       စာဖတ်ခြင်းဖြင့် အင်္ဂလိပ်ဘာသာစကား၏ rhythm နှင့် ရင်းနှီးစေပြီး စကားလုံးများ၊ ဝါကျများ၏ သဘာဝကို ပိုမိုနားလည် စေနိုင်သည်
-       စကားပြောလေ့ကျင့်ခြင်း နှင့် မတူဘဲ တစ်ဦး၊ တစ်ယောက်တည်း လေ့လာနိုင်သည်
-       စာဖတ်ရန် အတွက် ငွေကုန်ကြေးကျ အလွန်မများဘဲ တစ်ခါတစ်ရံ အလားကားပင် ရနိုင်သည်
-       စာဖတ်ခြင်းဖြင့် တိကျသော စာလုံးပေါင်း (spelling) များကို သတိရမှတ်မိစေရန် အကောင်းဆုံး နည်းလမ်း တစ်ခုဖြစ်သည်
အင်္ဂလိပ်ဘာသာစကား တိုးတက်လိုပါလျှင် အင်္ဂလိပ်စာဖတ်ခြင်းကို ချစ်မြတ်နိုး ရပါမည်။ အင်္ဂလိပ်စာပေ ဖတ်ရှုရာတွင် ဆောင်ရွက်သင့်သည့် အချက်(၇) ချက်ကို ပြောပြလိုပါသည်။
(၁) စိတ်ဝင်စားသည့် အကြောင်းအရာကို ရွေးချယ်ဖတ်ရှုပါ
          စာရေးသူသည် အင်္ဂလိပ်ဘာသာစကားသင်ကြားသည့် ဆရာတစ်ယောက်ဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူ များကို အင်္ဂလိပ်စာပေဖတ်ရန် ပြောတိုင်း " ဘယ်လိုစာကို ဖတ်ရမှာလဲ? " ဟူသောမေးခွန်းကို အများဆုံး ပြန်မေးကြပါသည်။ စိတ်ဝင်စားသည့် အကြောင်းအရာကို ဖတ်ပါ၊ စိတ်ဝင်စားသည့်၊ နားလည်နိုင်သည့် အကြောင်းအရာကို ဖတ်ရှုမှသာလျှင် အမှန်တကယ် အသုံးပြုရာတွင် စကားလုံးများ အသက်ဝင်လာပြီး စာဖတ်ချင်စိတ် မြင့်တက်လာပါလိမ့်မည်၊ နားမလည်နိုင်သော၊ စိတ်မဝင်စားသော အကြောင်းအရာမျိုးကို ဖတ်ရှုမိလျှင် အခက်အခဲတွေ့ပြီး တစ်ကြိမ်တည်းနှင့်ပင် လက်လျှော့သွားတတ်ကြပါသည်။ စိတ်ဝင်စားသည့် အကြောင်းအရာကို ဖတ်ရှုလျှင် သိချင်စိတ်က အခက်အခဲကို ကျော်ဖြတ်ရန် ထောက်ပံ့ပေးပါသည်၊ စာကို စတင်ဖတ်ရှုရန်သာ အရေးကြီးပါသည်၊ ကြိမ်ဖန်များစွာဖတ်လျှင် စာဖတ်ခြင်းစွမ်းရည် တိုးတက်လာပါလိမ့်မည်။
(၂) မိမိ၏အဆင့်နှင့်ကိုက်ညီသော (သို့) အနည်းငယ်ခက်သော စာကိုဖတ်ပါ
          လွယ်လွယ်ကူကူ ဖတ်နိုင်သော Ladder Series များ၊ Guided Reading များကို စတင်ဖတ်ရှုပါ၊ စာအုပ်တစ်အုပ်ကို မဖတ်မီ အနည်းငယ် စာမြည်းကြည့်လျှင် စာမျက်နှာတစ်မျက်နှာတွင် မသိသော စကားလုံး (၅)လုံး ခန့် နှင့် ၎င်းဝန်းကျင်ခန့် ဆိုပါလျှင် စတင်ဖတ်ရှုသူအတွက် အဆင်ပြေပါလိမ့်မည်။ စကားလုံးများ အားလုံးသိနေလျှင်လည်း ပေါ့လျော့တတ်ပြီး မသိသော စကားလုံး များနေပါကလည်း အကြိမ်ကြိမ် အဘိဓာန်ကြည့် နေရလျှင် ငြီးငွေ့နိုင်သည်။ မလွယ်လွန်း မခက်လွန်းသော အခြေအနေတွင်သာ အဆင်ပြေလိမ့်မည်၊ စာဖတ်သက် ကြာလာသည်နှင့်အမျှ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်လာပါလိမ့်မည်။
(၃) အကြောင်းအရာတစ်ခု (သို့) စာအုပ်တစ်အုပ်ကို ကျေညက်အောင် ဖတ်ပါ
          ကြောင်းအရာတစ်ခု (သို့မဟုတ်) စာအုပ်တစ်အုပ်ကို ဖတ်ဖန်များလာသော အခါ ၎င်းနှင့် ရင်းနှီးကျွမ်းဝင်ပြီး ပိုမို နားလည်လာပါလိမ့်မည်၊ ဗဟုသုတ ရရှိရန်အတွက် စာအုပ်များစွာကို ဖတ်ရမည်ဖြစ်သော်လည်း အသုံးပြုရန်အတွက်မူ စာအုပ်တစ်အုပ်ကို ကျေညက်အောင် ဖတ်သင့်သည်။ ဤနေရာတွင် သာဓက ပြလိုပါသည် -စာရေးသူ၏ ကျေးဇူးရှင်ဆရာကြီး ဦးမြကြိုင်သည် အင်္ဂလိပ်စာအုပ်ပေါင်းများစွာကို အမြဲတမ်း ဖတ်သော်လည်း ဆရာမကြီး ဒေါ်ခင်မျိုးချစ် ရေးသားသော " Colourful Myanmar " စာအုပ်တစ်အုပ်တည်းကို လက်စွဲစာအုပ်အဖြစ် စာသင်သားဘဝမှ ယခုအချိန်ထိတိုင်အောင် ဖတ်ပါသည်၊ အန္ဒိယနိုင်ငံ နယူးဒေလီ ၌ Shimla University နှင့် British School of Language တွင် အင်္ဂလိပ်စာ မဟာဝိဇ္ဇာတန်း နှင့် အင်္ဂလိပ်ဘာသာစကား သင်ယူခဲ့စဉ်တွင် ၎င်းစာအုပ် တစ်အုပ်တည်းမှပင် စကားလုံးပေါင်းများစွာကို အသုံးပြုနိုင်ခဲ့သလို ယင်းစာအုပ်ကပင် များစွာ အထောက်အကူပေးပါသည်။ "စာတတ်ခြင်း၏လျှို့ ဝှက်ချက်သည် စာကျေခြင်းဖြစ်သည်" ဟု ဆရာကြီးက လမ်းညွှန်ပါသည်။ စာအုပ်တစ်အုပ်ကို ကျေညက်လျှင် အခြားသောစာအုပ်များကို ဖတ်ရှုရာတွင် များစွာ အထောက်အကူ ပေးပါသည်။
(၄) စာဖတ်ရာတွင် အခက်အခဲရှိပါက ဦးစွာနားထောင်ပါ
          Ladder Series စာအုပ်များတွင် အသံထွက်ဖတ်ပြသော Audio Book များစွာရှိပါသည်။ ၎င်းတို့ကို နားထောင်ခြင်းဖြင့် အသံအယူအဆများကို တပြိုင်နက်တည်း လေ့လာနိုင်သည်၊ စာဖတ်စဉ် အခက်အခဲရှိပါက စတင် စာမဖတ်မီ Audio Book များကို ဦးစွာ နားထောင်ကြည့်ပါ။ ၎င်းက စကားလုံးများ၊ စကားစုများ၊ စာပိုဒ်များ နှင့် ပိုမို ရင်နှီးစေပါသည်၊ Audio Book များမှ အသံများသည် ကိုယ်တိုင်ဖတ်ရှုသောအခါ အကူအညီပေး နိုင်ပါသည်။ နားတွင်ကြားဖူးသော အကြောင်းအရာများသည် ကျက်မှတ်ထားခြင်းထက် ပိုမှတ်မိတတ်သည်။ အခြားသော စာအုပ်များကို ဖတ်ရှုသည့်အခါတွင်လည်း နားတွင်ကြားဖူးထားသော စကားလုံးများ၊ စကားစုများ ကြောင့် သတိရ မှတ်မိ နားလည် စေနိုင်သည်၊
(၅) စာဖတ်စဉ် စိတ်အာရုံကို စာထဲတွင် နှစ်မြှပ်ထားပါ
          စာဖတ်စဉ် စာအုပ်ထဲတွင် ဈန်ဝင် နေရန် အရေးကြီးပါသည်၊ စတင် စာဖတ်ရာတွင် စာအုပ် အပေါ်တွင် မေးခွန်းထုတ်ခြင်း၊ သုံးသပ်ခြင်းများ မလုပ်ပါနှင့်၊ နားလည်ရန်သာ ကြိုးစား ဖတ်ပါ။ ၎င်းအပြုအမူများသည် စာဖတ်သည့် အရှိန်ကို ထိခိုက် စေနိုင်သည်။ စတင် စာဖတ်စဉ် စာအုပ်ကို ခန့်မှန်း သုံးသပ်ရန် မလိုအပ်သေးဘဲ စာရေးသူပြောလိုသော အကြောင်းအရာကိုသာ ဖမ်းဆုပ်မိရန် အရေးကြီးပါသည်။
(၆) စာဖတ်စဉ် နားမလည်သည့် အခက်အခဲများကို မစိုးရိမ်သင့်ပါ
          စာဖတ်စဉ်တွင် အခက်အခဲတစ်စုံတစ်ရာ ကြုံရမည်မှာ မလွဲပါ၊ မိခင်ဘာသာစကား ဖြစ်သော မြန်မာစာအုပ်များသည်ပင်လျှင် တစ်ခါတစ်ရံ ချက်ချင်း နားမလည်နိုင်ပါ။ ဆရာနှင့်အတူ ဖတ်ခြင်း မဟုတ်သည့် အတွက် နားမလည်လျှင် ၎င်းကိုကျော်ပြီး ဆက်ဖတ်ပါ၊ ပြီးမှ နောက်တစ်ကြိမ် ထပ်ဖတ်ပါ၊ ထပ်ခါထပ်ခါ ဖတ်သောအခါ ဆိုလိုရင်းကို အတိအကျနားမလည်သည့်တိုင် အကြောင်းအရာတစ်ခုလုံးနှင့် ဆက်စပ်ပြီး အနီးစပ်ဆုံး ခန့်မှန်း နားလည်နိုင်ပါသည်။
(၇) ဖတ်ရှုပြီးသောအခါ အဓိက အချက်အလက်များကို မှတ်သားပါ
          အကြောင်းအရာတစ်ခုလုံး ပြီးမြောက်အောင်မြင်စွာ ဖတ်ရှုပြီးသောအခါ စကားလုံးအသစ်များ၊ စကားစုများ၊ စာပိုဒ်များကို စာရင်းပြုစုကာ မှတ်စုစာအုပ်တွင် ရေးမှတ်ပါ။ စကားလုံးအသစ်များ ရရှိရန် အတွက် အဓိကလမ်းမှာ စာဖတ်ခြင်းသာ ဖြစ်ပါ၍ အချိန်ရသရွေ့ ဖတ်နိုင်သမျှ ဖတ်ပါ။ စာဖတ်ခြင်း အလေ့အထ မှသည် စာဖတ်ခြင်းကို စွဲလန်းမြတ်နိုးလာသောအခါ စာပေ၏ အကျိုးကျေးဇူးကို လက်တွေ့ ခံစားရပါလိမ့်မည်။
          စာဖတ်ခြင်းသည် အသိပညာဗဟုသုတ ရရှိယုံ သက်သက်မဟုတ်ဘဲ လက်တွေ့အသုံးပြုရန် အတွက်လည်း ဖတ်ကြရသည်။ စာဖတ်ရာတွင် စာမေးပွဲများအတွက်ဖတ်ခြင်း၊ တင်ပြချက်များကိုဖတ်ခြင်း၊ ရည်ညွှန်း ကိုးကားရန်ဖတ်ခြင်း စသည်ဖြင့် ရည်ရွယ်ချက်အမျိုးမျိုး ကွဲပြားနိုင်ပါသည်။ အခြေအနေ အပေါ်မူတည်၍ စာဖတ်သည့် နည်းစနစ်၊ နည်းလမ်းများလည်း ကွဲပြားသွား ပါသည်။ စာဖတ်ရာတွင် အသုံးပြုသည့် Scanning, Skimming, Detail Reading, SQ3R စသည့် စာဖတ်နည်းပုံစံများကိုလည်း သိထားသင့်ပါသည်။ Skimming ဆိုသည်မှာ စာတစ်ပုဒ်၏ ဆိုလိုရင်းအဓိက အကြောင်းအရာ အကျဉ်းချုပ်ကိုသာ ရရှိရန် ဖတ်ရှုခြင်း ဖြစ်သည်။ စာတစ်ပုဒ်လုံးကို အားလုံးမဖတ်ဘဲ လိုအပ်သည့် အချက်အလက်ကိုသာ ဦးတည် ဖတ်ရှုခြင်းကို Scanning ဟု ခေါ်နိုင်သည်။ စာတစ်ပုဒ်လုံးကို အကြောင်းအရာ အသေးစိတ်ဖတ်ရှုခြင်းသည် Detail Reading ဖြစ်သည်။ SQ3R ဟု အတိုကောက် ခေါ်သော Survery(ဆန်းစစ်လေ့လာခြင်း)၊ Questions(မေးခွန်းထုတ်ခြင်း)၊ Read(ဖတ်ရှုခြင်း)၊ Recall(ပြန်လည်စဉ်းစားခြင်း) နှင့် Review(ပြန်လည်သုံးသပ်ခြင်း) များသည်လည်း Detail Reading ကို ထောက်ပံ့ ပေးသော နည်းစနစ်တစ်ခု ဖြစ်သည်။
          အထက်တွင် ဖော်ပြထားသော စာဖတ်ရာတွင် အသုံးပြုသည့် နည်းစနစ်များကို နောက်အပတ်များတွင် တစ်ခုခြင်း အသေးစိတ် ဆက်လက်ရေးသားသွားပါမည်။ အင်္ဂလိပ်ဘာသာစကား လေ့လာသင်ယူသူတိုင်း အင်္ဂလိပ်စာဖတ်ခြင်းကို ချစ်မြတ်နိုးပြီး အင်္ဂလိပ်စာ တိုးတက်ပါစေကြောင်း ရည်ရွယ်လျှက် ရေးသားလိုက်ပါသည်။
အောင်ကိုဦး (UMK

0 comments:

Post a Comment