Powered By Blogger

Wednesday, July 10, 2013

အင်္ဂလိပ်စကား ဘယ်လိုပြောမလဲ ?


How to speak English ?
စကားပြောခြင်းသည် လူမှုဆက်ဆံရေးတွင် အလွန်အရေးပါသော ကဏ္ဍတစ်ခုဖြစ်သည်။ လူသားတိုင်း နေ့စဉ်နှင့်အမျှ အကြောင်းအရာများစွာကို စကားဖြင့် ပြောဆိုဆက်ဆံ နေကြရသည်။ စကားကို စနစ်တကျ ပြောတတ်ခြင်းသည်လည်း အရည်အချင်းတစ်ခု ဖြစ်သည်။ မိခင်ဘာသာစကားကိုပင် စကားပြောတတ်သူတိုင်း မိန့်ခွန်းများ၊ ဟောပြောချက်များ စသည်ဖြင့် အခြေအနေအမျိုးမျိုးကို စနစ်တကျ ပြောဆိုတတ်ရန် မလွယ်ဘဲ စနစ်တကျလေ့ကျင့်ရန် လိုအပ်သည်။ နိုင်ငံခြားဘာသာစကားဖြစ်သော အင်္ဂလိပ်ဘာသာစကားအတွက်မူ ပိုမိုလေ့ကျင့်ရန်လိုအပ်သည်။ ပထမဆုံး အရေးကြီးသည်မှာ ယခင် ပြောခဲ့သည့်အတိုင်း အသံ၏သဘောတရားကို မှန်မှန်ကန်ကန် စနစ်တကျလေ့ကျင့်ရမည်။
          စကားပြောခြင်းဆိုသည် ပန်ကုံးတစ်ကုံး သီကုံးသည်နှင့် အလားသဏ္ဍာန် တူပါသည်။ ပန်းကုံးတစ်ကုံး သီကုံးရာတွင် ပန်းကုံးတွင် ပါဝင်သော အရာများကို စနစ်တကျ မသုံးသပ်မိကြသကဲ့သို့ စကားတွင် ပါဝင်သော အကြောင်းအရာများကို ခွဲခြမ်းစိတ်ဖြာလေ့လာရန် မေ့လျော့ နေတတ်ကြသည်။ ဆဲလ်များဖြင့် ဖွဲ့စည်းထားသော ပွင့်ချပ်များပါဝင်သည့် ပန်းပွင့်များကို အပ်ချည်ကြိုးဖြင့် သီးကုံး လိုက်သောအခါ ပန်းကုံးတစ်ကုံး ဖြစ်လာသည်။ ထို့အတူ စကားပြောခြင်းသည် အသံဖြင့် ဖွဲ့စည်းထားသော စကားလုံးများကို ဝါကျများအဖြစ် တည်ဆောက်ကာ ၎င်းဝါကျများကို ပြောလိုသောအကြောင်းအရာ သက်ရောက်အောင် စုစည်းလိုက်ခြင်းဖြင့် စကားဖြစ်လာသည်။
ပန်းကုံး           =       စကား
ပန်းပွင့်            =       ဝါကျ
ပွင့်ချပ်            =       စကားလုံး
ဆဲလ်             =       အသံ
အပ်ချည်ကြိုး    =       ပြောလိုသော အကြောင်းအရာ
ဖော်ပြပါဆက်စပ်မှု ပုံစံသည် ဘာသာစကား လေ့လာသူတိုင်းအတွက် စနစ်တကျလေ့လာသင်ယူရန် အထောက်အကူ ပြုနိုင်ပါသည်။  စကားပြောဆိုရာတွင် အရေးကြီးသည့် အခြေခံအကြောင်း (၂) ချက်မှာ ရှင်းလင်းပြတ်သားရန် နှင့် ချောမွေ့ပြေပြစ်ရန် ဖြစ်သည်။ ပြောစကားတွင် ရှင်းလင်းပြတ်သားမှုသည် အရေးကြီးသော အကြောင်းတစ်ချက် ဖြစ်သောကြောင့် အသံကို စနစ်တကျ နားလည် လေ့ကျင့်ရန် လိုအပ်သည်၊ အသံ၏ သဘောတရားများကို သေသေချာချာ နားလည်မှသာ ပြောစကားများကို နားလည်နိုင်ပြီး ပြန်လည်အတုယူပြောဆိုနိုင်မည် ဖြစ်သည်။ သို့ပါ၍ ဦးစွာ အသံ၏ သဘောတရားများကို အသေးစိတ်ပြောလိုပါသည်။
အသံ(Sound)
          အင်္ဂလိပ်ဘာသာစကားတွင် အသံထွက်(pronunciation) နှင့် စာလုံးပေါင်း(spelling) ထပ်တူ မညီသည်မှာ (၇၀) ရာခိုင်နှုန်းကျော်ခန့်အထိ ရှိသည်။ စာလုံးပေါင်းပုံစံ တူသော်လည်း အသံထွက် မတူသည်ကို အများအပြား တွေ့ရမည်။ (e.g. put, but) စာလုံးပေါင်းပုံစံ မတူဘဲ အသံထွက် တူညီသည် ကိုလည်း တွေ့ရမည်။ (e.g. see, key, tea) အက္ခရာတစ်ခု(alphabet) သည် စကားလုံးတစ်ခု၏ စာလုံးပေါင်းတွင် ပါဝင်ပြီး အသံထွက်ရာတွင် မပါဝင်သည်ကိုလည်း တွေ့ရသည်။ (e.g. psychology, listen) ထို့ကြောင့် အင်္ဂလိပ်စကားလုံးတစ်ခုကို စာလုံးပေါင်းအတိုင်း အသံထွက်၍မရသောကြောင့် အသံများကို သေသေချာချာ လေ့လာရန်လိုသည်။ အင်္ဂလိပ်ဘာသာစကားတွင် အက္ခရာ(alphabet) ၂၆ လုံးသာရှိသော်လည်း ဗျည်းသံ(consonant sound) ၂၄ သံ နှင့် သရသံ(vowel sound) ၂၀ စုစုပေါင်း ၄၄-သံ ရှိသည်။ အသံထွက်များကို စာဖြင့်အတိအကျ ရေးသားဖော်ပြရန် မလွယ်ကူသဖြင့် အသံထွက်သင်္ကေတ (phonetic symbols) များနှင့် ဥပမာ စကားလုံးများဖြင့်သာ ဖော်ပြပါမည်။

ဗျည်းသံများ(consonant sounds)


          p        pen, copy, tap
          b        back, baby, job
          t         tea, tight, knot
          d        day, ladder, odd
          k        key, school, clock
          g        get, giggle, dog
          tʃ        church, match, nature
          dʒ       judge, age, soldier
          f         fat, coffee, rough
          v        view, heavy, move
          θ        thing, author, path
          ð        this, other
s        soon, cease, sister                      
z        zero, music, roses, buzz
ʃ         ship, sure, national
ʒ        pleasure, vision
h        hot, whole, ahead
m       more, hammer, sum
n        nice, know, funny, sun
ŋ        ring, anger, thanks, sung
l         light, valley, feel
r         right, wrong, sorry, arrange
j         yet, use, beauty, few
w       wet, one, when, queen




သရသံများ (vowel sounds)
ɪ         kit, bid, minute
e        dress, bed, head
æ       trap, bad
ɒ        lot, odd, wash
ʌ        strut, mud, love, blood
ʊ        foot, good, put
iː        fleece, sea, machine
eɪ       face, day, break
aɪ       price, high, try
ɔɪ       choice, boy
uː       goose, two, blue, group
əʊ      goat, show, no
aʊ      mouth, now
ɪə       near, here, weary
eə      square. fair, various
ɑː       start, father
ɔː       thought, law, north, war
ʊə      poor, jury, cure
ɜː       nurse, stir, learn, refer
ə        about, common, standard
i         happy, radiate, glorious
u        thank you, influence, situation


ဖိသံ (Stress)
အသံ၏ အစိတ်အပိုင်းများတွင် ဗျည်းသံ၊ သရသံများသာမက stress သည် အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ရှင်းလင်း ပြတ်သားသော စကားဖြစ်ရန် အတွက် ဖိသံ(stress)ကို စနစ်တကျ အသုံးပြုတတ်ရန်လည်း လိုအပ်သည်။ ဖိသံ(stress)ကို နားလည်ရန် စကားလုံးတစ်လုံးတွင် ပါဝင်သော အသံ(ဝဏ္ဏ) များကို သိရမည်။
ဥပမာ   syl-la-ble       အသံ ၃-သံ
          in-sti-tu-tion   အသံ ၄-သံ
၎င်းအသံ(ဝဏ္ဏ) များပေါ်တွင် ဖိသောအသံ(stress)ကို ' အမှတ်အသားဖြင့် ဖော်ပြသည်။ စကား၏ဝတ္တရား (part of speech) အပေါ်တွင်မူတည်၍ stress ပြောင်းသွားတတ်ပါသည်။ အသံ-၂သံ ရှိသော စကားလုံးတစ်လုံးတွင် နာမ်(noun)ကို ပထမအသံတွင် ဖိရပြီး ကြိယာ(verb) ကို ဒုတိယအသံတွင် ဖိရသည်။
ဥပမာ            noun          verb  
                   'object          ob'ject
                   'convict         con'vict
                   'import                   im'port
                   'record          re'cord
ချွင်းချက်         ad'dress        ad'dress
                   'promise        'promise
                   'comment      'comment
ရှေ့ဆက်ပုဒ်(prefix) ပါဝင်သော အသံ(၂)သံရှိ စကားလုံးများ
ရှေ့ဆက်ပုဒ်များ ဖြစ်သော a-, be-,re- စသည်တို့ပါဝင်သော အသံ(၂)သံရှိစကားလုံးများတွင် စကားလုံး၏ မူလအသံတွင် သာ stress ရှိသည်။
e.g.              a'loud           a'rise            a'loft
                   br'fore          be'come        be'hind
                   re'clim           re'sent          re'turn
နောက်ဆက်ပုဒ်(suffix) ပါဝင်သောစကားလုံးများ
ဖော်ပြပါနောက်ဆက်ပုဒ်များ ပါဝင်သည့်စကားလုံးများတွင် စကားလုံး၏ နောက်ဆက်သံကို stress ဖြင့်ရွတ်ဆိုရသည်။
e.g.    (a) -eer         engi'neer                 volunt'eer                black marte'teer
          (b) -iee                   addre'see                pay'ee                    emplo'yee
          (c) -ique        uni'ique                   physi'que                 ob'lique
(d) -ain         ob'tain                    enter'tain                 ascer'tain               
          (e) -esque     pictu'resque             gro'tesque               bur'lesque
          (f) -esec        co'alesce                
          (g) -itis          arthr'itis                  bron'chitis
          (h) -ete                  de'lete                    comp'lete
          (i) -aire         question'naire           million'naire
          (j) -ette                  cigare'tte                 cass'ette
          (k) -ade        lemo'nade               per'vade
          (l) -ever        when'ever                how'ever
          (m) -ese        chi'nese                  bur'mese
          (n) -esent      ado'lesent               efferve'sent
အသံအနိမ့်အမြင့် (Intonation)
          စကားပြောဆိုရာတွင် ပိုမိုရှင်းလင်းနားလည်နိုင်စေရန် intonation ကလည်း အရေးကြီးပါသည်။ စကား၏အဓိပ္ပာယ်၊ စကားပြောသူ၏သဘောထား၊ စကား၏ဆိုလိုရင်း စသည်တို့ကို နားလည်နိုင်ရန် intonationက ကူညီ ပေးနိုင်ပါသည်။ စကားပြောဆိုရာတွင် intonation ပြောင်းသွားပါကလည်း ဆိုလိုရင်း ရည်ရွယ်ချက် ပြောင်းသွားနိုင်သည်ကို သတိပြုရမည်။ အင်္ဂလိပ်စကား ပြောဆိုရာတွင် နားလည်ထားရမည့် အခြေခံ intonation (၃)မျိုးကို "အင်္ဂလိပ်ဘာသာစကားကို ချဉ်းကပ်ခြင်း" ဆောင်းပါး ( Education Digest Journal အတွဲ-၁၊ အမှတ်-၃၅၊၃၆ )တွင် ဖော်ပြပြီးဖြစ်သည်။ အသံထွက်သည် listening အတွက်ရော speaking အတွက်ပါ အလွန်ရေးကြီးပါသည်။ အသံထွက်ကို သတိမထားပါက နားထောင်ရာတွင် လည်းကောင်း၊ ပြောဆိုရာတွင်လည်းကောင်း နားလည်မှုလွဲမှားနိုင်ပါသည်။ ဥပမာ- row နှင့် roll ကို ကြားသောအခါ သတိမထားပါက နားကြားလွဲကာ အဓိပ္ပာယ်ပါလွဲမှား နိုင်သည်။
          အသံ၏သဘောတရားများကို နားလည်လျှင် ၎င်းကိုအခြေခံကာ အင်္ဂလိပ်စကားပြောကို မည်သို့ လေ့ကျင့်ရမည်ကို ဆက်လက်ပြောလိုပါသည်။ ပထမဆုံးသတိပြုရန် အချက်မှာ မှန်ကန်သည်အထိ ထပ်ခါထပ်ခါ၊ အကြိမ်ကြိမ် လေ့ကျင့်ခြင်းသည် လေ့လာမှုအားလုံးအတွက် အမြန်ဆုံးသောနည်းလမ်း ဖြစ်သည်။
-       Television, Video, News, Tape, CD, DVD စသည်များကို အသုံးပြုကာ Native speaker များ၏ အသံများကို တတ်နိုင်သမျှ နားထောင်ပါ၊ ၎င်းကိုအတုယူပြီးပြောဆိုခြင်းဖြင့် တိကျသော sound, stress, intonation များကို ရရှိနိုင်သည်။ အတုယူပြောဆိုရာတွင် Video Lesson များဖြစ်ပါက ၎င်းတို့၏ ပါးစပ်လှုပ်ရှားမှုကို သတိထားပြီး လေ့လာပါ၊ အသံထွက်ရာတွင် အထောက်အကူပြုနိုင်ပါသည်။
-       အင်္ဂလိပ်စကားပြောလေ့ကျင့်ရာတွင် တေးဂီတများသည်လည်း အလွန်ထိရောက်သည်၊ လူတိုင်းသည် ဂီတကို နှစ်သက်ကြသောကြောင့် တေးသီချင်းများကို လိုက်ဆိုခြင်းက စကားပြောရာတွင် ချောမွေ့စေနိုင်သည်။
-       တစ်နေ့လျှင် ၁၅-၂၀ မိနစ်ခန့် စာပိုဒ်များကို အသံထွက်ဖတ်ပါ၊ စာဖတ်ရာတွင် အသံထွက်များကို ကြိုးစားပြီး မှန်မှန်ကန်ကန် ဖတ်ပါ၊ သုံးလခန့် ဆက်တိုက်ဖတ်လျှင် ပါးစပ်ကြွက်သားများ သန်မာပြီး စကားပြောရာတွင် အထောက်အကူပြုနိုင်သည်ကို သုတေသနများတွင် အတိအကျဖော်ပြထားသည်။
-       အကြောင်းအရာတစ်ခုကို လေ့ကျင့်ရာတွင် မိမိ၏အသံကို အသံဖမ်းပြီး ပြန်လည်စစ်ဆေးပါ၊ မူရင်းအသံများနှင့် ပြန်လည်စစ်ဆေးကာ အမှားများကို သတိထားပြီး မှန်သည်အထိ အကြိမ်ကြိမ် အထပ်ထပ် လေ့ကျင့်ပါ။ ပထမဆုံး အသံထွက်မှန်ရန်သာ ကြိုးစားပါ၊ အသံမှန်သောအခါ stress, intonation များကို ဆက်လက်လေ့ကျင့်ပါ၊ လေ့ကျင့်ရာတွင် သတိပြုရမည်မှာ ကြားသည့်အတိုင်း ဆိုပါ၊ ဤနေရာတွင် စာဖြင့်ဖော်ရသည်မှာ အတန်ခက်ခဲပါသည်၊ ဥပမာ အားဖြင့် ယနေ့ခောတ် ကလေးငယ်များသည် 'Justienber' စသည့် ရေပန်းစားသည့် အင်္ဂလိပ်သီချင်းများကို ကြားရ များလာသောအခါ နားရည်ဝပြီး သီဆိုတတ်ကြသည်၊ သီဆိုရာတွင် ပီပီသသ မှန်မှန်ကန်ကန် သီဆိုနိုင်ကြသည်ကို တွေ့ရသည်၊ ၎င်းကလေးငယ်များသည် ကြားသည့်အတိုင်း လိုက်ဆိုသောကြောင့် ဖြစ်သည်။ အရွယ်ရောက်ပြီးသူများကမူ နားကကြားသော်လည်း မူလအသံကို သတိမထားဘဲ မိမိအသံ ထွက်တတ်သလို ဆိုတတ်ကြသည်၊ ထိုအချက်ကို သတိထား ဆင်ခြင်ကြရမည်။
-       အင်္ဂလိပ်ဘာသာစကားသင်ကြားသော စာသင်ခန်းအပြင် ပတ်ဝန်းကျင်တွင်လည်း တတ်နိုင်သမျှ အင်္ဂလိပ်လိုသာ ပြောဆိုပါ၊ မိမိလေ့ကျင့် မှတ်သားထားသော စကားလုံး၊ ဝါကျများကို အင်္ဂလိပ် စကားပြောသည့် အချိန်တိုင်းတွင် ထည့်ပြီးပြောပါ။
-       ရိုးရိုးစကားပြောပုံစံများ လေ့ကျင့်ပြီးသောအခါ မိန့်ခွန်းများ၊ သတင်းများ အစရှိသည်ဖြင့် လိုအပ်သည်များကို အထက်ပါနည်းများအတိုင်း ဆက်လက်လေ့ကျင့်ပါ၊ စကားပြောဆိုရသည့် အခြေအနေ ပြောင်းသည်နှင့်အမျှ ပြောရသည့်ပုံစံများ ပြောင်းလဲသွားသည်ကိုတွေ့ရလိမ့်မည်။ ဆိုလိုသည်မှာ ဈေးဝယ်ရာတွင် ပြောသည့်စကားပြော နှင့် ရုံးဋ္ဌာနများတွင် ပြောသည့်စကားပြောပုံစံများ တူမည်မဟုတ်ပါ။ (စကားလုံးအသုံးအနှုန်း၊ လေယူလေသိမ်း၊ အထူးသဖြင့် ပြောဟန်ဆိုဟန်များ မတူညီသည်ကိုဆိုလိုသည်)
          အထက်တွင်ဖော်ပြခဲ့သော အကြောင်းအရာများကို အခြေခံကာ နေ့စဉ်မှန်မှန် လေ့ကျင့်လျှင် အင်္ဂလိပ်ဘာသာစကားကို အတိုင်းအတာတစ်ခု အထိ မှန်မှန်ကန်ကန် ရှင်းရှင်းလင်းလင်း ချောချောမွေ့မွေ့ ပြောဆို နိုင်ပါလိမ့်မည်။ "The fastest way to learn anything is to do again and again until to get it right." ဟူသောစကားအတိုင်း လိုချင်သည့် ပန်းတိုင်ကို ရောက်သည်အထိ စိတ်ရှည်ရှည်ဖြင့် အကြိမ်ကြိမ်လေ့ကျင့်ကာ လမ်းကြောင်းမှန်ပေါ်တွင် လျှောက်လှမ်းနိုင်ကြပါစေကြောင်း ရေးသားလိုက်ပါသည်။

Ref: SPOKEN – CONVERSATIONAL ENGLISH; A Resource Book for Teachers of English

အောင်ကိုဦး (UMK)

0 comments:

Post a Comment