Powered By Blogger

Friday, July 12, 2013

“နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနှင့် လူငယ်များ၏ အခန်းကဏ္ဍ”

မကြာမီနှစ်များအတွင်းတွင် အသက်ဝင် လာတော့ မည့် အရှေ့တောင်အာရှလွတ်လပ်သောကုန်သွယ်မှု (Asean Free Trade Area – AFTA /2013)၊ တရုတ်-အာဆီယံလွတ်လပ်သောကုန်သွယ်မှု (Asean - China Free Trade Area – CAFTA/2015)၊ အရှေ့တောင် အာရှစီးပွားရေးအသိုက်အဝန်း (Asean Economic Community – AEC)၊ များ နှင့် အတူ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှပ်နှံမှု (Foreign Direct Investment – FDI) အရအာဆီယံဒေသတွင်းနိုင်ငံများ၊ အာရှနိုင်ငံများ နှင့် အနောက်ဥရောပနိုင်ငံများအပါအဝင် ကမ္ဘာတစ်လွှားနိုင်ငံအသီးသီးမှ စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံ ရန် ပြင်ဆင်နေကြသည်ကိုတွေ့မြင်နေရပါသည်။    ရင်းနှီးမြှပ်နှံမှုများအတွက် နိုင်ငံအသီးသီးမှ စီးပွားရေးလုပ်ငန်းရှင် များအစုအဖွဲ့လိုက် သော်လည်းကောင်း၊ သီးသန့် သော်လည်းကောင်း မြန်မာနိုင်ငံသို့ တဖွဲဖွဲလာရောက် လေ့လာ ပြင်ဆင် နေကြသည်ကိုသတင်းစာမျက်နှာများတွင် အများအပြားဖတ်ရှုနေရပါသည်။
            နိုင်ငံခြားရင်းနှီးမြှတ်နှံမှုများအတွက် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံလွှတ်တော်” တွင် “နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေ” ကိုရေးဆွဲပြဋ္ဌာန်းနိုင်ရန်ဆောင်ရွက်နေသလို၊ အသေးစား၊ အလတ်စား၊ အကြီးစားစီးပွားရေးလုပ်ငန်းရှင်များကလည်းကဏ္ဍအသီးသီးအလိုက် ပြင်ဆင် ဆောင်ရွက်နေကြသည်ကိုတွေ့နေရပါ သည်။ နိုင်ငံတော်နှင့် လုပ်ငန်းရှင်များက ပြင်ဆင်သင့်သည်များကို ပြင်ဆင်နေကြသလိုယနေ့မြန်မာလူငယ်များ ကြိုတင်ပြင်ဆင်သင့်သည်များကိုစာရေးသူနားလည် ခံစားမိသလောက် တင်ပြလိုပါသည်။
            ဆရာဒေါက်တာခင်မောင်ညို (ဘောဂဗေဒ) က ဟောပြောပွဲတစ်ခုတွင် ပြောကြားခဲ့သောဥပမာတစ်ခုကိုဦးစွာဝေမျှလိုက်ပါသည်။ ယနေ့ မြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးမြို့တော်ကြီး “နေပြည်တော်” တည်ဆောက်ရာတွင် လုပ်ငန်းကဏ္ဍအသီးသီးအတွက် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ကျွမ်းကျင်ဝန်ထမ်းများစွာလိုအပ်ခဲ့ပါသည်။ ၄င်းနေရာများစွာကို ကုမ္ပဏီများ၊ ဌာနများကဝန်ထမ်းများ ဖြည့်တင်းခန့်အပ်ရာတွင် ယနေ့စီးပွားရေးမြို့တော် ရန်ကုန်မြို့မှသာအများစုရွေးချယ်ခန့်အပ်ခဲ့ရသည်ဟုဆရာကပြောကြားသွားပါသည်။ အကြောင်းမှာနေပြည်တော် ပျဉ်းမနားတွင် လိုအပ်သည့် ဝန်ထမ်းနေရာများအတွက် လူငယ်အများစုအဆင်သင့် မဖြစ်သောကြောင့်ဖြစ်ပါသည်။
            သို့ပါလျှင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများအမိမြန်မာနိုင်ငံတော်သို့ အလုံးအရင်းနှင့် ဝင်ရောက်လာချိန် တွင် လိုအပ်လာမည့် ၀န်ထမ်းလိုအပ်ချက်များအတွက် ယနေ့မြန်မာလူငယ်အများစုအဆင်သင့်ဖြစ်၊ မဖြစ် ဆိုသည်ကိုအလေးအနက် စဉ်းစားသင့်ပါသည်။ မြန်မာလူငယ်များအဆင်သင့် မဖြစ်ခဲ့လျှင် ကြီးစွာသောဆုံးရှုံမှု သာဖြစ်ပါလိမ့်မည်။
            စာရေးသူ၏ တစ်သီးပုဂ္ဂလအမြင်ကိုဆိုရပါလျှင် လုပ်ငန်းကျွမ်းကျင်မှု၊ ဘာသာစကား ကျွမ်းကျင်မှု၊ နည်းပညာ ကျွမ်းကျင်မှု၊ အသိပညာဗဟုသုတပြည့်စုံမှု အစရှိသည့် စွမ်းရည် (skill) များယနေ့ မြန်မာလူငယ်အများစု(အားလုံးကိုမဆိုလိုပါ) အဆင်သင့်မဖြစ်သေးဟုယူဆပါသည်။ အဆင်သင့်ဖြစ်နေသူများ ကလည်းအခွင့်အလမ်းကိုဖမ်းဆုတ်နိုင်ရန် အရေးကြီးသလိုအဆင်သင့် မဖြစ်သေးသူများကလည်းလိုအပ်ချက်များကိုအချိန်မှီဖြည့်ဆည်းထားကြရန် အထူးအရေးကြီးပါသည်။
            ပထမအချက်အနေဖြင့် လူငယ်များမိမိ၏ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များတွင် အမှန်တကယ် တတ်ကျွမ်းပိုင်နိုင်ရန် လိုအပ်ပါသည်။ မိမိတို့၏ ပညာရပ်များကိုဘွဲ့၊ ဒီပလိုမာ၊ အောင်လက်မှတ် စသည့် စာရွက်များစုဆောင်းထားယုံမျှ မလုံလောက်ပါ။ အသိပညာ (knowledge) နှင့် ကျွမ်းကျင်ပိုင်နိုင်မှု (skill) ကြားမှ အလွန်အရေးကြီးသည့် အထပ်ထပ်အခါအခါ လေ့ကျင့်မှု (practice) ရှိမှသာလျှုင် လက်တွေ့အသုံးချမှု (apply) ပြုနိုင်မည်ဖြစ်ပါသည်။ ပညာရပ်ဆိုင်ရာဘွဲ့၊ ဒီပလိုမာ၊ အောင်လက်မှတ် အစရှိသည့် သင်တန်းကာလတစ်ခုပြီးဆုံးအောင်မြင်သွားသည်မှာအသိပညာ (knowledge) တနည်းအားဖြင့်ဆိုသော် မည်သို့ဆောင်ရွက်ရမည်ဟူသည့် (How to . . . ) ကိုသာရရှိလိုက်ခြင်းဖြစ်ပါသည်။ အမှန်တကယ် ကျွမ်းကျင်တတ်မြောက်မှု (skill) အတွက် အဖန်တလဲလဲလေ့ကျင့်မှု (practice) မရှိမဖြစ် အရေးကြီးပါသည်။ "practice makes perfect"  ဟူသောစကားအတိုင်းလေ့ကျင့်ကျွမ်းကျင် အောင်ပွဲဆင် နိုင်ရန် မိမိသက်ဆိုင်ရာနယ်ပယ်များတွင် အဖက်ဖက်မှ အတတ်နိုင်ဆုံး နှံ့နှံ့စပ်စပ် သေသေချာချာအသေးစိတ် သိရှိ ကျွမ်းကျင် ပိုင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားရပါမည်။
            ဒုတိယအချက်အနေဖြင့် နိုင်ငံခြားဘာသာစကားတစ်ခုခု ကျွမ်းကျင် တတ်မြောက်ရန် လည်းလိုအပ်ပါသည်။ အထူးသဖြင့် အင်္ဂလိပ်ဘာသာစကားကိုစနစ်တကျ လေ့ကျင့်သင်ယူထားသင့်ပါသည်။ ကမ္ဘာနှင့်ရင်ဘောင်တန်းဆက်ဆံလိုလျှင် ကမ္ဘာသုံးဘာသာစကားကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရန် လိုပါသည်။ သာမာန်ပြောတတ်ဆိုတတ် ယုံမျှဖြင့် မရောင့်ရဲပဲစာတမ်းဖတ်ပွဲများ (Seminar)၊ ပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများ (Work shop) အစည်းအဝေးများ (Meeting)၊ ညီလာခံများ (Conference)  တွင် မိမိတို့ ကျွမ်းကျင်သည့် ဘာသာရပ်များကိုစနစ်တကျ ရေးသား၊ တင်ပြ၊ ဆွေးနွေး၊ နိုင်သည်အထိ ပြင်ဆင်ထားရပါမည်။ ဘာသာစကားတစ်ခုကိုပိုင်နိုင်စွာအသုံးပြုနိုင်ရန် အချိန်တိုအတွင်းခါတော်မှီလေ့လာမရနိုင်သောကြောင့် နည်းမှန် လမ်းမှန် စနစ်တကျ အချိန်ယူပြီးလေ့လာသင်ယူထားသင့်ပါသည်။
            တတိယအချက် အနေဖြင့် အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသောယနေ့ကမ္ဘာကြီးတွင် သတင်း နှင့် ဆက်သွယ်ရေးနည်းပညာ (Information & Communication Technology – ICT) ကိုလည်းလက်လှမ်းမှီနိုင်ရန် လိုအပ်ပါသည်။ မိမိသိရှိလိုသမျှ ကမ္ဘာတစ်လွှားမှ အကြောင်းအရာ၊ ကိန်းဂဏန်း၊ အချက်အလက်များ၊ ပညာရပ်များကိုလေ့လာရယူနိုင်သည့် ကမ္ဘာ့ဆက်သွယ်ရေးကွန်ယက် (Internet) တွင် စကားစမြည် (Chatting) ပြောယုံ၊ လူမှုရေးကွန်ယက်များ (ဥပမာ- face book, twitter) တွင် အပြန်အလှန် စကားပြောယုံမျှနှင့် အချိန်မကုန်သင့်ပဲလိုအပ်ချက်များရှာဖွေရာကမ္ဘာ့သုတဘဏ်တိုက်ကြီးအဖြစ် နည်းလမ်းမှန်မှန် အသုံးပြုနိုင်ရန် လိုအပ်ပါသည်။ အနာဂတ်ကမ္ဘာတွင် အင်္ဂလိပ်ဘာသာစကားဖြင့် ဆက်သွယ်ပြီးကိစ္စအဝဝကိုကွန်ပြူတာဖြင့်သာဆောင်ရွက်ရမည်ကများသောကြောင့် အင်္ဂလိပ်ဘာသာစကားမကျွမ်းကျင်လျှင် ဆွံ့အသူကဲ့သို့ဖြစ်နိုင်ပြီးကွန်ပြူတာမကျွမ်းကျင်လျှင် ကျိုးနေသူ နှင့်တူပါလိမ့်မည် ဟုစာရေးသူမြင်မိပါသည်။ျ
            နောက်ဆုံးအချက်အနေဖြင့် တင်ပြလိုသည်မှာလူဟူသည် အတတ်ပညာများသာ ပြည့်စုံနေယုံဖြင့် မလုံလောက်ပါ။ စိတ်ဓါတ်ကို မြင့်တင်ပေးနိုင်သော၊ စိတ်ဓါတ်ကိုပြုပြင်ပေးနိုင်သော၊ ပတ်ဝန်းကျင်ကိုနားလည်ပေးနိုင်သော၊ ခေတ်ကိုနားလည်သုံးသပ်ပေးနိုင်သောသုတ၊ ရသစာပေများကိုလည်း နှလုံးသားထဲတွင် စုဆောင်းထားရန် လိုအပ်ပါသည်။ အတတ်ပညာနှင့် အသိပညာဟန်ချက်ညီနေမှသာမိမိကိုယ်ကိုစနစ်တကျစီမံခန့်ခွဲမှု (self-management) ပြုနိုင်မည်ဖြစ်ပါသည်။ မိမိဖြတ်သန်းရာနယ်ပယ်တစ်ခုတည်းသာမကနယ်ပယ်အသီးသီးကိုလက်လှမ်းမီသရွေ့ စာပေများကိုလေ့လာဖတ်ရှု မှတ်သားသင့်ပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးအစရှိသည့် ကဏ္ဍအားလုံးသည် တစ်ခုနှင့် တစ်ခုအပြန်အလှန်ဆက်နွယ်နေသောကြောင့် တတ်စွမ်းသရွေ့ရင်းနှီးကျွမ်းဝင်ရန် ကြိုးစားကြရပါမည်။
            အထက်ပါအချက်များကို ပြင်ဆင်ဆောင်ရွက်ရာတွင် အချိန်တိုအတွင်းအလွယ်တကူမရနိုင်ပါ။ဦးစွာအရေးကြီးသည်မှာမိမိရည်သန်ရာပန်းတိုင် (Goal) ကိုတိကျသေချာစွာသတ်မှတ်နိုင်ရပါမည်။ ၎င်းပန်းတိုင် ကိုမည်သို့ရောက်အောင်သွားရမည် ဟူသည့် မဟာဗျူဟာ (Strategy) နှင့် တစ်ရက်ခြင်း၊ တစ်လခြင်း၊ တစ်နှစ်ခြင်းအသေးစိတ် စီစဉ်ဆောင်ရွက် ရမည့် နည်းဗျူဟာ (Tip tap) ကိုစနစ်တကျ ရေးဆွဲဆောင်ရွက် ရပါမည်။ ယင်းအစီအစဉ်များအကောင်အထည်ဖော်ဆောင်ရွက် ရာတွင် မဖြစ်မနေထည့်သွင်းစဉ်းစားရမည်မှာအချိန်စီမံခန့်ခွဲမှု (Time Management) နှင့် ငွေစီမံခန့်ခွဲမှု (Money Management) များပင်ဖြစ်ပါသည်။မိမိ၏အနာဂတ်အစီအစဉ် (Future Plan) တွင် သတ်မှတ်ထားသောပန်းတိုင် ကိုအရောက်လှမ်းနိုင်ရန် လိုအပ်သည့် အချိန် (Time) နှင့် လိုအပ်သည့် ငွေပမာဏ (Money) ကိုထည့်သွင်းတွက်ချက်ပြီးစာရွက်ပေါ်မှ အစီအစဉ်ကိုအတတ်နိုင်ဆုံးထပ်တူကျ စေရန် တစ်ဆင့်ပြီးတစ်ဆင့် (Step by Step) လက်တွေ. အကောင်အထည်ဖော် ဆောင်ရွက်ရပါမည်။ ဤနေရာတွင် ဟာရိုးတေလာပြေကြားခဲ့သောကျွန်တော့် ဒိုင်ယာရီမှာအချိန်ဇယားအတိအကျ ချမှတ်ပြီးတော့မှပဲအလုပ်တွေအားလုံးကို ကျွန်တော် အောင်အောင်မြင်မြင် လုပ်ဖြစ်ခဲ့တော့တယ်ဟူသောစကားကိုနမူနာယူစေလိုပါသည်။ လုပ်ငန်းစဉ် တစ်လျှောက် အချိန် (Time) နှင့် ငွေ (Money) ကိုလေလွင့်မှု (Waste) မဖြစ်စေရန် အတွက် မိမိ၏ အစီအစဉ် ပြီးမြောက် အောင်မြင်မှု ကိုနေ့စဉ်နှင့်အမျှ စစ်ဆေးသုံးသပ်မှု (Check &Analysis) ပြုလုပ်နိုင်ရပါမည်။ မိမိ၏လုပ်ငန်းစဉ်တွင် အားနည်းချက်၊ အားသာချက် များကိုစဉ်ဆက်မပြတ် လေ့လာသုံးသပ် နေရပါမည်။ သို့မှသာမိမိ၏ ပန်းတိုင်ကိုမိမိသတ်မှတ်ထားသည့် အချိန်အတွင်းမိမိမျှော်မှန်းထားသည့်ကုန်ကျ စရိတ်ဖြင့် အနီးစပ်ဆုံးအောင်အောင် မြင်မြင် လျှောက်လှမ်းနိုင်ပါမည်။
            အထက်ဖော်ပြပါ အချက် (၄)ချက် အနက်မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု နှင့် ပတ်သက်၍ အနည်းငယ် ထပ်မံတင်ပြလိုပါသည်။ မိမိဖြတ်သန်းမည့် ဘာသာရပ်၊ လုပ်ငန်းနယ်ပယ် ကိုမှန်မှန် ကန်ကန် တိတိကျကျ ရွေးချယ် နိုင်ရန် အလွန်အရေးကြီးပါသည်။ မှန်ကန်သောရွေးချယ်မှု ( Excellent Choice ) ဆိုသည်မှာပတ်ဝန်းကျင်ကသော်လည်းကောင်း၊ မိမိကိုယ်တိုင် သော်လည်းကောင်းဂုဏ်ရှိသည်၊ ဝင်ငွေကောင်းသည် အစရှိသဖြင့် ယူဆသောအလုပ်မျိုးကိုမဆိုလိုပါ။ မိမိရည်သန်ရာ၊ မိမိအမှန်တကယ် စိတ်ဝင်စားရာ၊ ဝါသနာပါရာအလုပ် ကိုမှန်ကန်စွာရွေးချယ် နိုင်သည် ကိုဆိုလိုပါသည်။ သို့မှသာလျှေက်လှမ်းရာလမ်းတစ်လျှောက် အခက်အခဲဟူသမျှကိုမိမိစိတ်ဓါတ် က ကြံ့ကြံ့ခံကျော်လွှားနိုင်ပါလိမ့်မည်။ ငွေကြောင့်သော်လည်းကောင်း၊ ပတ်ဝန်းကျင်ကြောင့်သော်လည်းကောင်းအကြောင်းအမျိုးမျိုးကြောင့် မိမိ၏ဆန္ဒ နှင့် တစ်ထပ်တည်းမကျသောအလုပ်ကိုရွေးချယ် မိပါကအလုပ်ဟူသည် ဘဝ နှင့် အတူအမြဲတမ်းရှိနေသောကြောင့် တွေ့ကြုံရ နိုင်သည့် အခက်အခဲများကြားတွင် စိတ်ဖိစီးမှု များနှင့် လက်လျှော့ကာလမ်းလျှောက် ရင်းလမ်းပျောက် သွားတတ်သည်ကိုအထူးသတိထားရပါမည်။
            ယနေ့ခေတ် အချိန်တွင် နယ်ပယ် အသီးသီးတွင် ရွေးချယ်ရန်အခွင့်အလမ်းမြောက်များစွာရှိနေပါသည်။ မိမိ၏ ရွေးချယ်မှုသည်သာမှန်ကန်သောရွေးချယ်မှု (Excellent Choice) ဖြစ်ရန်အထူးအရေးကြီးပါသည်။ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ နည်းပညာ၊ အနုပညာ၊ ဥပဒေ၊ သမိုင်း၊ ပထဝီအစရှိသည့် မည်သည့်နယ်ပယ် တွင်ဖြစ် စေအမှန်တကယ် ကျွမ်းကျင် တတ်မြောက် လျှင် အမှန်တကယ် နေရာရှိပါသည်။

            အချုပ်အားဖြင့် ဆိုရပါလျှင်
ယနေ့လူငယ်၊ နောင်ဝယ်လူကြီး၊
                                                သင်လည်းတစ်ဦးသားထူး၊ သားမြတ်
                                                  ဖြစ်အံ့ရာတည့်၊ ရှေ့သို့ချီ၍ . . . ”
ဟူသည့် ကဗျာကဲ့သို့ အနာဂတ် သို့ ချီတတ်ကြမည့် ယနေ့မြန်မာလူငယ်များအားလုံးမှန်ကန်သောရွေးချယ်မှု နှင့်အတူတိကျသောအစီအစဉ်များဖြင့် သေချာသောအနာဂတ် ကိုတည်ဆောက်နိုင်ရန် အတွက်အသိပညာ၊ အတတ်ပညာပြည့်ဝပြီး၊ စိတ်ဓါတ်၊ စည်းကမ်း၊ ခိုင်မာကောင်းစွာဖြင့် ကဏ္ဍအသီးသီးတွင် လိုအပ်ချက်များကိုအချိန်မှီ ဖြည်းဆည်းအကောင်အထည်ဖော်ဆောင်ရွက်၊ခရီးဆက်နိုင်ကြပါစေကြောင်း ဆန္ဒပြု ရေးသားတင်ပြလိုက်ပါသည်။         

အောင်ကိုကို (အမ်း)

0 comments:

Post a Comment